Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, May 28, 2012

ဆွမ်းအလှူရှင် ကိုစိုးဝင်းသန်း + ဆွမ်းအလှူအမ မတင်တင်ဝင်း မိသားစု ဆွမ်းအလှူ

ဆွမ်းအလှူရှင် ကိုစိုးဝင်းသန်း + ဆွမ်းအလှူအမ မတင်တင်ဝင်း (သမီး) မချစ်စု၊ (သား) မောင်ချမ်းမြေ့ကို မိသားစုမှ ဆွမ်းခဲဖွယ် ဘောဇဉ်များဆက်ကပ် လှူဒါန်း၍ ပရိတ်တရားတော် နာယူခြင်းစတဲ့ ကုသိုလ် မင်္ဂလာကို အလှူရှင် မိသားစုရဲ့ နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်လ နှစ်ကြိမ်လည်း ဗုဒ္ဓသာသန ရံသီ အသင်းတိုက်သို့ လာရောက်၍ ဆွမ်းကပ်လှူဒါန်းနေကြတဲ့ အလှူရှင် မိသားစုဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဂျာမဏီနိုင်ငံရဲ့ ရုံးပိတ်ရက်ဖြစ်သဖြင့် ဧည့်ပရိသတ်များကိုပါ ဖိတ်မံ၍ ဧည့်ခံကျွေးမွေးရင်း ပရိတ်တရားတော်ကိုပါ နာယူလိုတဲ့အတွက်  နေအိမ်မှာပဲ ကုသိုလ် ကောင်းမှုပြု လုပ်ခြင်းဖြစ်ပါတယ်။ နေ့ လည် (၁း ၀၀) နာရီ အချိန်တွင် အလှူရှင်မိသားစုနဲ့ အတူ သီလဆောက်တည်၍ ပရိတ်တရားတော် နာယူကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပါတယ်။
အလှူရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒ များလည်းပြည့်ဝကြပါစေ။
 
 အလှူရှင် ကိုစိုးဝင်းသန်း + အလှူအမ မတင်တင်ဝင်း မိသားစုရဲ့ မွန်မြတ်လှတဲ့ နေ့ဆွမ်းအလှူ

အသင်းအမှုဆောင် ဦးလှစိုး ရဲ့ မွေးနေ့အလှူ

ဗုဒ္ဓသာသနရံသီ အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် မိသားစုမှ ဦးလှစိုး ရဲ့ (၇၀) ပြည့်နှစ် ၀ိဇာတ မွေးနေ့မင်္ဂလာနဲ့ မင်္ဂလာသက် (၄၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် ကုသိုလ်ပွဲကို အသင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူရှင် မိသားစုမှ ကြာဇံချက်၊ အချိုပွဲ မွေးနေ့ကိတ်တို့ဖြင့် လှူဒါန်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ အလှူရှင် မိသားစု အစစအရာရာ အဆင်ပြေချောမွေ့စွာ လှူဒါန်းနိုင်ရန် ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် မိသားစုမှလည်း မိသားစုသဖွယ် ကူညီဆောင်ရွက်ရင်း  ကုသိုလ်ပြုခဲ့ကြပါတယ်။ 
အလှူရှင်မိသားစုနဲ့အတူ လစဉ် (၂၇) ရက်နေ့တိုင်း ဆွမ်းကပ်လှူနေ ကြဖြစ်တဲ့  ကိုမျိုးဇော် + မရွေးရွေး တို့ ဇနီးမောင်နှံမှလည်း ဆွမ်းဘောဇဉ်များ လာရောက်လှူဒါန်းခဲ့ကြတဲ့ အပြင် ကိုသန်းဝင်း + မ၀င်းခိုင်ဖြိုး မိသားစုမှလည်း ဆွမ်းခဲ့ဖွယ်များ လာရောက်လှူဒါန်းခဲ့ကြ ပါသေးတယ်။ နေ့လည် ၁း ၄၅ နာရီ အချိန်တွင် အလှူရှင် မိသားစုနဲ့ ဧည့်ပရိသတ်များ စုပေါင်း၍ သီလဆောက်တည်ခြင်း၊ အနုမောဒနာ တရားတော်နဲ့ ပရိတ်တရားတော်နာယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း များ  ပေးဝေခဲ့ကြပါတယ်။
အလှူရှင် မိသားစုနဲ့ တကွ ဧည့်ပရိသတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် အတ္တဟိတ၊ ပရဟိတ၊ သာသနဟိတ တို့ကို ဆောင်ရွက်နိုင်ကြပါစေ။

အသင်းအမှုဆောင် ဦးလှစိုး + ဒေါ်သိန်းမြင့် တို့ ဆွမ်းကပ်ခဲ့စဉ် အမှတ်တရ
ကိုမျိုးဇော် + မရွေးရွေး တို့ ဆွမ်းကပ်ခဲ့စဉ် အမှတ်တရ



Saturday, May 26, 2012

မမေထက်ကျော် ရဲ့ မွေးနေ့အလှူ

၂၆. ၀၅. ၂၀၁၂ ရက်၊ စနေနေ့ဟာ ဒေါ်ကျင်ကျင်သန်း ရဲ့ သမီးရတနာ မမေထက်ကျော် (၂၅) နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ၀ိဇာတ မွေးနေ့မင်္ဂလာကို မောင်ဥာဏ် + မမေထက်ကျော်တို့ရဲ့ အိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  မွေးနေ့မှာ ဒန်ပေါက်ဆွမ်း စသည်တို့ဖြင့် ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များ ကိုလည်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ အဲဒီနောက် သီလဆောက်တည်၍ ပရိတ်တရားမြတ်ကို နာယူကြကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့တကွ ဧည့်ပရိသတ်များအားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေ။
 
  ဒေါ်ကျင်ကျင်သန်း (သမီး) မမေထက်ကျော် မိသားစုရဲ့ မွေးနေ့အလှူ


ကံဆိုး၊ကံကောင်း၊ရှက်ဖို့ကောင်း၊နောက်ဆုံးလုပ်ရန်အကောင်းဆုံး။

ကံဆိုးလိုက်ပုံများ၊သဲစုမကဘုရားတွေ တစ်ဆူပြီးတစ်ဆူပွင့်သွားတောင်တာမှ
မဆုံလိုက်ရတဲ့ ကျွန်တော် အပါယ်လေးဘုံမှာ ချိုးကပ်နေခဲ့ရတာ သေချာတယ်။
ကံကောင်းလိုက်ပုံများ လူဖြစ်လာတာတောင်မှ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးတွေ
ပို့ချသွားတဲ့ နိဗ္ဗာန်ရောက်ကြောင်း သင်ခန်းစာတွေကို မြန်မာလိုအားရပါးရ
လေ့လာနိုင်ဘို့ မြန်မာလူမျိုးဖြစ်ရတာကို အရမ်းဝမ်းသာပါတယ်။
ရခဲလှတဲ့လူ့ဘဝကိုလည်းရခဲ့တယ် ဖြစ်ခဲလှတဲ့ဗုဒ္ဓဘာသာဝင်လည်း
ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့သေတဲ့အခါ အပါယ်ကိုပြန်ခုန်ဆင်းသွားမယ် ဆိုရင်တော့
တော်တော်ရှက်စရာကောင်းပါတယ်
ဒါကြောင့်ကံမဆိုးရအောင်၊ရှက်ဖို့မကောင်းရလေအောင်၊လုပ်ရန်အကောင်းဆုံး
ကတော့ အခုရခဲလှတဲ့ ဘဝကောင်းမှာ ကုသိုလ်ကောင်းတွေပြုကြရင်း
နိဗ္ဗာန်ကို ရည်မျှော်ပြီး၊ဗုဒ္ဓဘာသာရဲ့အနှစ်သာရတရားများကို ကျင့်ကြံ စည်းပွား
ကြရန်သာ ဖြစ်ပါတော့တယ်။
ဘုရားသာသနာတော်တွင်းမှာ လူလာဖြစ်ပါလျက် ဝိပသာနာကုသိုလ်မှ
ရမသွားဘူးဆိုရင် သာသနာတော်နှင့်တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊သီလ၊သမထ ကုသိုလ်ဆိုတာတွေက
သာသနပမှာလည်းရှိတယ်၊    ဝိပသာနာကတော့ သာသနာပမှာမရှိဘူး၊
သာသနာအတွင်းမှာဘဲရှိတယ် ဒါကြောင့်ပါပဲ။
ပြီးတော့ တခြားဘာသာအယူအဆတွေလွှမ်းနေတဲ့ယနေ့ကျွန်တော်တို့
နေထိုင်တဲ့ဒီဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများစုပေါင်းပြီး
ကျိုးစားတည်ထောင်ခဲ့လို့ ယခု ဗုဒ္ဓသာသနရံသီအသင်းကြီးဟာ ယနေ့အောင်မြင်
စွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်တယ်။
ဒါကြောင့် အသင်းကြီး ဆက်လက်အောင်မြင်စွာတည်ရှိရန် အတွက် ကျွန်တော်တို့
အားလုံးညီညီညွတ်ညွတ် နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နဲ့
နားလည်မှုတွေနှင့် လက်တွဲဆောင်ရွက်ကြိုးပမ်းကြပါစို့လို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။


                                             (ဗုဒ္ဓသာသနရံသီအသင်းအမှုဆောင်များ)

Friday, May 25, 2012

မောင်သူရအောင် ရဲ့ မွေးနေ့အလှူ

ဦးမောင်မောင်ဝင်း + ဒေါ်မြစမ်းအေး တို့ရဲ့ တစ်ဦးတည်းသော သားရတနာ မောင်သူရအောင် ရဲ့ (၂၂) နှစ်ပြည့်မြောက် ၀ိဇာတ မွေးနေ့အလှူကို ဗုဒ္ဓသာသနရံသီ အသင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ ပါတယ်။ လစဉ် ၂၅ ရက်နေ့တိုင်း မောင်သူရအောင် ရဲ့ မွေးနေ့ အဖြစ် ဆွမ်းကပ်လှူနေကြတဲ့ အလှူရှင် မိသားစုလည်း ဖြစ်ပါတယ်။ ၂၅. ၀၅. ၂၀၁၂ ရက်ဟာ မောင်သူရအောင် ရဲ့ မွေးလ လည်း ဖြစ်သလို မွေးနေ့ ဖြစ်တဲ့ သောကြာနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မွေးနေ့ မွေးလ တိုက်ဆိုင်ခဲတဲ့အတွက်  ဖြူအဆင်နဲ့ တူယှဉ်ကာ လှူဒါန်းကြတဲ့ ထူးခြားတဲ့  မွေးနေ့အလှူ လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  သောကြာနေ့တိုင်း ဆွမ်းဆက်ကပ်လှူဒါန်းနေတဲ့ မတင်ဇာအောင် ကလည်း ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။
နံနက် ၁၁း ၁၅ နာရီတွင် အလှူရှင် မိသားစုမှ ဘုရားအမှူးထား၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ ဆွမ်းခဲဖွယ်ဘောဇဉ်တို့နဲ့ အချိုပွဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များကိုလည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ အဲဒီနောက် နေ့လည် ၁း ၃၀ နာရီတွင် အလှူရှင် မိသားစုနဲ့ အတူ ပရိသတ်များက သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်ကို နာယူခြင်း၊ အနုမောဒနာ တရားနာယူခြင်းနဲ့ ရေစက်သွန်းချ အမျှအတန်း ပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြ ပါတယ်။
မွေးနေ့ရှင် မိသားစုနဲ့ တကွ ပရိသတ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေ။


ဖြူအဆင်နဲ့ တူယှဉ်ကာ လှူဒါန်းကြတဲ့ ထူးခြားတဲ့  မွေးနေ့အလှူ
 မတင်ဇာအောင် ရဲ့ ဆွမ်းအလှူ


Sunday, May 20, 2012

ဆုံနေကြဒီတနင်္ဂနွေ (၂၀.၀၅.၂၀၁၂) ဆွေးနွေးပွဲ



၂၀. ၀၅. ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့မှာ ဗုဒ္ဓသာသနရံသီ အသင်းတိုက်တွင် အသင်းဥက္ကဋ္ဌဆရာတော် ဦးဆောင်၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါတယ်။
          အခမ်းအနား မစတင်မီ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ ပါတယ်။ အဲဒီနောက် ဆရာတော်မှ တရားစကားအနည်းငယ် ပြောကြားပြီး မေတ္တသုတ် ပရိတ်တော်ကို ချီးမြှင့်ကာ ဆုတောင်းမေတ္တာပို့သ အမျှပေးဝေခဲ့ပါတယ်။
          ထို့နောက် နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ခဲ့ပါတယ်။ အခမ်းအနား တွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဆရာတော်မှ တာဝန်ယူ ဆောင်ရွက်ပြီး၊ အသင်းရဲ့ ဆောင်ရွက် ရမည့် တာဝန်များ၊ ကလေးငယ်များအတွက် ဘာသာရေးနဲ့ ပတ်သက်သည်များ၊ အသင်း နှစ်ပတ် လည်ပွဲ ပြီးစီးတဲ့အခါ အသင်းတိုက်တည်နေရာနဲ့ ပတ်သက်လို့ ဒီထက်ကြိုးစား ကြရမည်များကို မိန့်ကြားပါတယ်။
          ဒါ့အပြင် ဥရောပရှိ ရံသီအသင်းများမှ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် တတ်နိုင်သမျှ လှူဒါန်း ပါဝင်ကြရန်ကိုလည်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။
          ထို့နောက် ဇူလိုင်လတွင် ကျင်းပပြုလုပ်မယ့် ညီညွတ်ရေးနှင်းဆီ အငြိမ့်ပွဲနဲ့ ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးကြပါတယ်။
          ဒီအငြိမ့်ပွဲနဲ့ ပတ်သက်၍ အသင်းရဲ့ အတွင်းရေးမှူးမှ စီစဉ်ဆောင်ရွက်ရမယ့် အချက်အလက် (၁၁) ချက်ကို တစ်ချက်ချင်းစီ တင်ပြရာ၊ ဥက္ကဋ္ဌဆရာတော်နဲ့ ပရိသတ်များမှ  အစီအစဉ် များကို ဆွေးနွေးတိုင်ပင် အတည်ပြုချက် ရယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။